Search
  • Khin Maung Lwin.llb

သတင်းသမားတွေ ဘာလို့လိမ်?

ရုပ်ရှင်ဒါရိုက်တာ အကျော်အမော် Steven Spielberg ရိုက်ကူးတဲ့ The Post ရုပ်ရှင် ရုံတင်ပေမဲ့ အမေရိကန်အရှေ့ခြမ်းမှာ အာတိတ်ကလာတဲ့ အအေးဆိုက်ကလုန်းမုန်တိုင်းဗုံးကြီး ကျနေလို့ အပူချိန်ရေခဲမှတ်အောက်က တက်ကိုမတက်တာမို့ သွားမကြည့်နိုင်သေး။ မင်းသား Tom Hanks က သတင်းစာဆရာ Benjamin Bradlee (သြဂုတ် ၂၆ - ၁၉၂၁ - အောက်တိုဘာ ၂၁-၂၀၁၄) အဖြစ် သဏ္ဍာန်လုပ် သရုပ်ဆောင်တယ်ဆိုတာနဲ့ ဆရာကြီးပြောဖူးတာ…လက်ဆင့်ကမ်းချင်ပြန်။


ဆရာကြီးက Washington Post သတင်းစာ အမှုဆောင်အယ်ဒီတာလည်းဖြစ်၊ အမေရိကန် သတင်းလောကမှာ ဂုရုကြီးလို့လည်း သတ်မှတ်ခံရတဲ့ ကွယ်လွန်သူဝါရင့်သတင်းစာဆရာကြီး။ 

ဖြစ်ရပ်မှန်ကို အခြေခံရင်ခံ၊ ဒါမှမဟုတ် စိတ်ကူးကွန့်မြူးပြီးရေးတာက ၀တ္ထု၊ အကြောင်းအရာ အချက်အလက်တွေကို အခြေခံရေးတာက ဆောင်းပါး၊ ဖြစ်ရပ်တွေကို အချိန်နဲ့ တပြေးညီတင်ပြတာက သတင်း… ရယ်လို့ အကြမ်းဖျင်းမှတ်သားမိပါရဲ့၊ သတင်းဆိုတာကလည်းဖြစ်တဲ့နေရာ ချက်ချင်းသွားနိုင်ဖို့လည်းလိုသေး၊ သွားနိုင်ရင်တောင် သတင်းမှန်ရ၊ မရကလည်း မသေချာသေး၊ မကျွမ်းတဲ့အရပ်၊ ဘာသာစကား အခက်အခဲဖြစ်တဲ့ အရပ်ဒေသက သတင်းဆိုပိုလို့တောင် သတိထားရသေး၊ ဒါပေမဲ့ သူ့စကားကိုယ်မသိ၊ ကိုယ့်စကား သူမသိအရပ်က သတင်းတွေက ဟုတ်တာရော မဟုတ်တာရော လှိုင်နေတော့ ကွယ်လွန်သူ အမေရိကန် ၀ါရင့် သတင်းစာဆရာကြီး Benjamin Bradlee ဟောပြောပို့ချဖူးတာက အဖိုးတန်ပြီးရင်းတန်။ ကယ်လီဖိုးနီးယားပြည်နယ် Riverside တက္ကသိုလ်မှာ ၁၉၉၇ ခုနှစ်ကလုပ်တဲ့ ပို့ချဟောပြောပွဲတခုမှာ နိုင်ငံရေးသမားတွေနဲ့ သတင်းသမားတွေ ဘာလို့လိမ်သလဲဆိုတာ ဆရာကြီးက ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ရဲရဲဝံ့ဝံ့ ပြောသွားဖူးတာပါ။

သတင်းစာတွေဟာ အကြောင်းအမျိုးမျိုးကြောင့် သွေးရိုးသားရိုး စိတ်မှန်းနဲ့ တင်ပြတတ်လို့ အမှန်ကိုမဖော်ပြဘူးလို့ ဆရာကြီးက သူ့အတွေ့အကြုံနဲ့ ယှဉ်ပြောပါတယ်။ အများအားဖြင့် အမှန်ကို မသိတဲ့အခါ ဖြစ်တတ်တယ်၊ ဒါမှမဟုတ်၊ အဖြစ်မှန်၊ အကြောင်းခြင်းရာ အမှန်ကို မသိတဲ့သူပြောတာ ကိုးကားတင်ပြရင် သတင်းမှားဖြစ်သွားတတ်ပါတယ်တဲ့။ (ဥပမာတော့ ပေးမနေတော့ပါ။ သိသာလှပါ တယ်။) ဒါထက်ပိုလို့ ဟိုလှည့်ဒီလှည့်ပတ်ချာယမ်းပြီး အမှန်ကို ပြောရမှာထက် တင်ကြိုအကွက်ချ ထားတဲ့ဘက်ရောက်အောင် လှည့်ပတ်ပြောတတ်တဲ့လူကို ကိုးကားရင်တော့ အမှန်မဟုတ်တော့ ပါဘူးတဲ့။ သတင်းသမားတွေဟာ ပြောင်လိမ်တဲ့လူပြောတာကို ကိုးကားဖော်ပြရင်တော့ တက်တက်စင်အောင် လွဲတတ်တဲ့ သဘောပါပဲ။ ဆရာကြီးက ပြောသေးတာ။ အလိမ်အညာအဖြီးအဖြန်းတွေများနေတာကလည်း နိုင်ငံရေးမှာရော အစိုးရအဖွဲ့မှာရော အားကစား လောကမှာရော…ပြောရရင် နေရာတကာမှာ အလှည့်အပတ်တွေ အတော်ပတ်ချာယမ်း၊ အတော်များ နေပါလားလို့လည်း ဆရာကြီးက ကောက်ချက်ပေးပြန်ပေါ့။

Benjamin Bradlee ဟာ လုပ်ကြံခံရတဲ့ သမ္မတ Kennedy နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ခင်မင်ပြီး Conversation with Kennedy စာအုပ်ကို ၁၉၈၄ မှာထုတ်ဝေပါတယ်။ Kennedy အကြောင်း Newsweek နဲ့ New Yorker မှာ ဆောင်းပါးတွေလည်းရေးတာမို့ ဘာပဲ ရေးရေး ရေးထားသမျှ အထူးဂရုစိုက်ပြီး အသေအချာ တရားလွန် စိစစ်၊ စိတ်တိုင်းကျပြီဆိုမှ ဆိုင်ရာ အယ်ဒီတာတွေလက် စာမူအပ်လေ့ရှိသူလည်း ဖြစ်ပြန်ပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်မှာလုပ်တဲ့ ပို့ချဟောပြောပွဲမှာ ခင်ဗျားတို့ဟာ ကျွန်တော့လို လူစားမျိုးဆိုရင်တော့ ပထမဆုံးရေးထားထားသမျှကို ကြာကြာမယုံနိုင်တော့ဘူးဗျလို့ ပြောပါတယ်။ အဖြစ်မှန်က စစချင်းကြားထားတဲ့အတိုင်း မဖြစ်တတ်ဘူးတဲ့။ ဒီအတွေ့အကြုံမျိုးကို မြန်မာ သတင်းသမားတွေလည်း ကြုံဖူးမှာပါ။ သတင်းစလိုက်ချိန်က သိရတာတွေ ချရေးထားပေမဲ့… သေသေချာချာ ထောင့်စေ့စေ့ အကွက်စေ့စေ့ စုံစမ်းတဲ့အခါ နောက်တမျိုးဖြစ်နေတတ်လို့ အစ၊ အဆုံး အထပ်ထပ်ပြန်ရေးရတဲ့ သဘောပါပဲ။ သတင်းသမားဟာ အမှန်ကိုတင်ပြဖို့ တာဝန်ရှိပေမဲ့ တခါတခါ အဆင်မပြေတတ်ပြန်၊ ဒီမိုကရေစီစနစ်မှာ အမှန်ဆိုတာပေါ်ပေါက်စမြဲပေမဲ့ အမှန်သိရဖို့ တခါတခါ နှစ်နဲ့ချီ စောင့်ရတယ်လို့လည်း ဆရာ Bradlee က ပြောတာပါ။ ဒီမိုကရေစီ စနစ်ဆိုတာ အမှန်တရားအတွက်ဖြစ်ပြီး နောက်ဆုံးမတော့ အမှန်တရားက အားကောင်းလာတာပါပဲလို့လည်း ပြောပါတယ်။ သူ့ အတွေ့အကြုံအရ ကျားကုတ်ကျားခဲ ကြိုးစားရင် အမှန်တရား ပေါ်လာတာပဲလို့ ပြောပါတယ်။

A lie travels around the globe while the truth is putting on its shoes ဆိုတဲ့အတိုင်း အမှန်တရားက ဖိနပ်ပဲစီးရသေး၊ မုသားက ကမ္ဘာတပတ်ပတ်နေပြီဆိုတဲ့ ပညာရှိစကားရှိပေမဲ့ Benjamin Bradlee ပြောတဲ့အတိုင်းဆို တခါတခါ အမှန်တရားပေါ်ပေါက်ဖို့ သည်းမခံနိုင်လောက်အောင် အချိန်စောင့်ရတတ်ပါတယ်။ ပဋိပက္ခတွေပေါ်ပေါက်တိုင်း- ဘယ်ဟာမှန်ဘယ်ဟာ အမှားချက်ချင်း မသိရချိန်မှာ အပေါ်ယံမကြည့်၊ ငါးပွက်ရာ ငါးစာမချဘဲ သေသေချာချာ ထဲထဲဝင်ဝင် စိစစ်ရင် Benjamin Bradlee ပြောသလို ပထမရေးထားတာက သဲထဲရေသွန်ဖြစ်ရင်ဖြစ်တတ်ပါတယ်။ သတင်းဆိုတာ အချိန်နဲ့ တပြေးညီတင်ပြရတာမို့ literature in hurry အမြန်ရေးရတဲ့ စာပေ၊ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်က လိုအပ်တာလည်း အမှန်၊ ဘက်မလိုက်တဲ့ သတင်းရင်းမြစ်ရှာရတဲ့အခါ အခက်အခဲတွေလည်းရှိ။ ဥပမာ- မငြိမ်းနိုင်တဲ့ ရခိုင်ပြည်နယ်အရေး သတင်းတွေတင်ပြတဲ့အခါ ပြည်တွင်းက တပိုင်း၊ ပြည်ပက တပိုင်းဖြစ်တာမျိုး။ နယ်မြေမတည်ငြိမ်တဲ့ဒေသ သတင်းယူတဲ့အခါ သတင်းသမားက သတင်းအမြင်နဲ့ ရှုမြင်ပေမဲ့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက အမြင်ကတော့ လုံခြုံရေး။ ကမ္ဘာမှာ အားကောင်းမောင်းသန် ဆက်သွယ်ရေးနည်းပညာ ထွန်းကားလာတာနဲ့အမျှ အထင်ကရ သတင်းစာကြီးတွေပဲ ပုံနှိပ်သတင်းစာထုတ်ဝေနိုင်တော့ပြီး တချို့ကလည်း ပိတ်ပစ်၊ တချို့လည်း အွန်လိုင်းသတင်းဘက်လှည့်ချိန်မှာမှ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်ရတာမို့ သတင်းတင်ပြပုံတင်ပြနည်း စွမ်းရည်က နိုင်ငံတကာကို မမီနိုင်၊ ပြောရရင် ရခိုင်ပြည်နယ် အရေးတင်ပြတဲ့အခါ နိုင်ငံတကာသတင်းတွေကို ပြည်တွင်းသတင်းတွေက မထိုးဖောက်နိုင်၊ အဲဒီနိုင်ငံတကာသတင်းဌာနတွေထဲ ဆရာကြီး Benjamin Bradlee အစွမ်းအစတွေ ပြခဲ့တဲ့ ၀ါရှင်တန်ပို့စ်သတင်းစာလည်းပါ။ ဖြစ်ပုံက သတင်းစာလူဖတ်များတဲ့နေ့တွေမှာ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ သတင်းတွေတင်တတ်တာမို့ ဆရာကြီးသာ သက်ရှိထင်ရှားရှိနေသေးရင် ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ဟောပြောပို့ချခဲ့ဖူးတဲ့ သူ့စကားသူ ပြန်ကိုးကားမလား? နိုင်ငံတကာ သတင်းရေစီးကြောင်းအတိုင်း မျောလိုက်မလား? စဉ်းစားရတော့ အကျပ်သား။

0 views