တန်ဆောင်တိုင်ကာလအတွက် အထူးရထားများ စတင်ပြေးဆွဲ

November 1, 2017

 

ခရီးသွားပြည်သူများ အဆင်ပြေစေရေး တန်ဆောင်တိုင်ပွဲတော်ကာလ ရုံးပိတ်ရက်အတွက် အထူးရထားများကို နိုဝင်ဘာ ၁ ရက်နေ့ (ယနေ့)မှစ၍ ပြေးဆွဲပေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ မြန်မာ့မီးရထားထံက သိရသည်။

 

အထူးရထား လက်မှတ်များကို တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည် ဘူတာတို့တွင်လည်း ၀ယ်ယူ ရရှိနိုင်မည် ဖြစ်သည်။ သင်္ကြန်အထူးကဲ့သို့ သီတင်းကျွတ် အထူး၊ တန်ဆောင်တိုင် အထူး ရထားများကို ပြေးဆွဲပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

 

နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် မန္တလေးဘူတာမှ စတင် ထွက်ခွာမည့်ရထားမှာ ရန်ကုန်ဘူတာကြီးသို့ နိုဝင်ဘာ ၂ ရက် နံနက် ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ ယင်းရက် ညနေ ၄ နာရီတွင် စတင်ထွက်ခွာမည့် ရထားမှာ မန္တလေးဘူတာသို့ နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။

 

လပြည့်နေ့တွင် ရထားပြေးဆွဲခြင်း ရပ်နားထားမည်ဖြစ်ပြီး နိုဝင်ဘာ ၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် မန္တလေးဘူတာမှ စတင် ထွက်ခွာမည့် ရထားမှာ ရန်ကုန်ဘူတာကြီးသို့ နိုဝင်ဘာ ၅ ရက် နံနက် ၆ နာရီတွင် ဆိုက်ရောက်မည် ဖြစ်သည်။ ရန်ကုန်ဘူတာကြီးမှ နိုဝင်ဘာ ၅ ရက် ည ၈ နာရီခွဲတွင် စတင် ထွက်ခွာမည့် ရထားမှာ နေပြည်တော် ဘူတာသို့ နိုဝင်ဘာ ၆ ရက် နံနက် ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး ထိုမှ တစ်ဆင့် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ဆက်လက် ထွက်ခွာကာ မန္တလေး ဘူတာသို့ နံနက် ၁၁ နာရီတွင် ဆိုက်ရောက်မည်ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကြားဘူတာ ခရီးစဉ်များ အရ တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် နေပြည်တော် အထက်ပိုင်းရှိ မြို့နယ်ဘူတာ များဖြစ်သော တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ သဲတော၊ မြစ်သား၊ ကျောက်ဆည် ဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ပြီး အစုန်၊ အဆန် လေးရက် ပြေးဆွဲပေးမည်ဖြစ်သည်။

 

အဆိုပါ တန်ဆောင်တိုင် အထူးရထား၌ ရိုးရိုးတန်း ခုနစ်တွဲ၊ အထက်တန်း လေးတွဲ၊ အထက်တန်းအိပ်စင် နှစ်တွဲနှင့် ဘရိတ်တွဲ တစ်တွဲပါဝင် မည်ဖြစ်ပြီး ရထားတွဲ စုစုပေါင်း ၁၄ တွဲ ပါဝင်ကာ ရထားစီးခရီးသည် ၆ဝဝ ဦး လိုက်ပါစီးနင်း နိုင်ကြောင်း သိရသည်။

 

ရထားခ လက်မှတ်နှုန်းထားအား ယခင်သတ်မှတ် နှုန်းထားအတိုင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး ရိုးရိုးတန်းလက်မှတ် ငွေကျပ် ၄၆၅ဝ၊ အထက်တန်းထိုင်ခုံ လက်မှတ် ငွေကျပ် ၉၃ဝဝ နှင့် အထက်တန်း အိပ်စင်လက်မှတ် ငွေကျပ် ၁၂၇၅ဝ ဖြင့် ပုံမှန်နှုန်းထားအတိုင်း ရောင်းချပေးမည် ဖြစ်ကာ နေပြည်တော်-မန္တလေး ရိုးရိုးတန်းလက်မှတ် ၂၈ဝဝ ကျပ်၊ အထက်တန်း ထိုင်ခုံလက်မှတ် ၅၆ဝဝ ကျပ်နှင့် အထက်တန်းအိပ်စင် လက်မှတ် ၇၇ဝဝ ကျပ်ဖြင့် ပုံမှန်နှုန်းထားအတိုင်း ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

Share on Facebook
Share on Twitter
Please reload

Please reload

Please reload