YBS 72 ယာဉ်အစီးရေ ၂၀ ဖြင့် စတင်ပြေးဆွဲပေး

January 12, 2018

သာကေတ၊ ဧရာဝဏ်-ဂိတ်ဟောင်း-ကျောက်တိုင်-အသောက-တာမွေဈေး-ဒေါ်သိန်းတင်လမ်း-ဘားလမ်း လမ်းကြောင်းသစ်တွင် ဇန်န၀ါရီ ၁၁ ရက်မှစတင်ကာ YBS 72 အစီးရေ ၂၀ စတင်ပြေး ဆွဲပေးနေပြီဖြစ်ကြောင်းသတင်း ရရှိသည်။ 

အဆိုပါ YBS 72 ယာဉ်လိုင်းသည် သာကေတမြို့နယ် ဧရာဝဏ်မှ တာမွေဗလီ-မင်္ဂလာဈေးအထိပြေးဆွဲကာ မင်္ဂလာတောင်ညွှန့်မြို့နယ် ဒေါ်သိန်းတင်လမ်းမှ ပန်းဆိုတန်းလမ်း-ဘားလမ်းမှတ်တိုင် ဂိတ်ဆုံးအထိ အသွားအပြန် ပြေးဆွဲပေးနေကြောင်း သိရသည်။ 

“ဒီလမ်းကြောင်းကို ၇၂ ယာဉ်လိုင်းပြေးဆွဲပေးမယ်လို့ ၀န်ကြီးဆီက တနေ့က စာရောက်တယ်။ မနေ့ကစပြီး ပြေးဆွဲပေးတာပါ။ အစီးရေကတော့ ၃၀ ပြေးဆွဲပေးမယ်လို့ သိရပါတယ်။ အခုစပြေးဆွဲပေးတာတော့ အစီးရေ ၂၀ နဲ့ပါ။ နောက်ထပ်လည်း ၁၀ စီးပြေးဆွဲပေးဖို့ စီစဉ်ထားတယ်လို့သိရပါတယ်” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တောင်းဆိုမေးမြန်းမှုအရ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်တော်လေးရပ်ကွက် နေပြည်သူများ သွားလာရန်အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ယခုကဲ့သို့ စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

ယခင် မ.ထ.သ လက်ထက်က တာမွေ-မင်္ဂလာဈေး-မော်တင် လမ်းကြောင်းကို ၁၀၅ မီနီဘတ်စ်ယာဉ်လိုင်းသည် မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေးရပ်ကွက်ရှိ မြန်မာ့ဂုဏ်ရည်လမ်းကို ဖြတ်သန်းပြေးဆွဲပေးခဲ့သည်။

သို့သော်လည်း အဆိုပါ ၁၀၅ မီနီဘတ်စ် ယာဉ်လိုင်းသည် ကန်တော်လေးရပ်ကွက်ရှိ မြန်မာ့ဂုဏ်ရည်လမ်းကို အသွားလမ်းကြောင်းသာ ပြေးဆွဲပေးပြီး အပြန်လမ်းကြောင်းအတွက် ပြေးဆွဲခြင်းမရှိ၍ ယင်းရပ်ကွက်နေခရီးသွားပြည်သူများ အခက်အခဲဖြစ်ခဲ့ရကြောင်း ဦးလှဌေးကပြောသည်။

ယင်းတွက်ကြောင့် ၁၀၅ မီနီဘတ်စ် ယာဉ်များ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေးရပ်ကွက်ရှိ မြန်မာ့ဂုဏ် ရည်လမ်းကို အသွားအပြန်ပြေးဆွဲပေးရန် YBS စနစ် အပြောင်းအလဲ မပြုလုပ်မီ ၂၀၁၆ ခုနှစ်အတွင်းကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်တွင် တောင်းဆိုမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

သတင်း/ဓါတ်ပုံ-လင်းလင်းအောင် 

Share on Facebook
Share on Twitter
Please reload

Please reload

Please reload