ဘင်္ဂလားဒေ့ရှ်မှာ သွားရောက် ခိုလှုံနေတဲ့ ရိုဟင်ဂျာတို့၏ တောင်းဆိုချက် (၁၁)ချက်

January 21, 2018


၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ၉ သောင်းခန့် အရေအတွက် ရှိသည့် မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ၆ သိန်းခွဲကျော် ရှိသည့် မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်များမှ ရိုဟင်ဂျာများသည် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့၏ အကြမ်းဖက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတို့မှ လွတ်မြောက်ရန် အတွက် နယ်စပ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံလျက်ရှိသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ မြန်မာအစိုးရအား ဖိအားပေးလာမှု များလာသောကြောင့် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရအား မြန်မာနိုင်ငံမှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် ထွက်ပြေးသွားပြီး ခိုလှုံနေသူများကို ပြန်လည် လက်ခံပါမည်ဟု ကတိပြု၍ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ 


ကနဦးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်က ကုလသမဂ္ဂမှ ကြီးကြပ်သည့် “လုံခြုံသည့် နယ်မြေ (Safe Zone)” အပါအ၀င် အချက် (၅) ချက် ကို တောင်းဆိုခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ ဘဘောတူညီချက် (Bilateral Agreement) အစား နိုင်ငံအများအပြားပါဝင်သည့် သဘောတူညီချက် (Multilateral Agreement) သာပြောဆိုခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လာရောက် လည်ပတ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ၎င်းတောင်းဆိုခဲ့သည်များကို ဆက်လက် တောင်းဆိုခြင်း မပြုတော့ဘဲ နှစ်နိုင်ငံ သဘောတူညီချက်ကို အစောတလျင် လက်မှတ်ထိုးရန် သဘောတူခဲ့သည်ကို တွေ့ရှိရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံသဘောတူညီချက် ဖြစ်မြောက်ရန် တွန်းအားပေးခဲ့သူမှာ တရုတ်နိုင်ငံ ဖြစ်ကြောင်း ထင်ရှားနေသည်။

နှစ်နိုင်ငံသဘောတူညီချက်အရ လာမည့် ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို စတင်လက်ခံရန် မြန်မာအစိုးရဘက်မှ လိုအပ်သည်များကို ပြင်ဆင်လျက်ရှိသည်။ ပထမအသုတ်တွင် ဟိန္ဒူဘာသာဝင် ၅၀၀ ဦးနှင့် အစ္စလာမ်ဘာသာဝင် (ရိုဟင်ဂျာ) ၇၀၀ ဦးကျော် လက်ခံမည်ဟု မြန်မာအစိုးရက ကြေညာထားသည်။ အဆိုပါ ရိုဟင်ဂျာ ၇၀၀ ကျော်မှာ No Man’s Land ဟု ခေါ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကြားရှိ နေရာတွင် ခိုလှုံနေသူများ ဖြစ်သည်ဟု နိုင်ငံတကာသတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။

မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံသဘောတူညီချက်တွင် မိမိတို့၏ သဘောဆန္ဒရှိမှသာ ပြန်ရမည် (Voluntary) ဟု ပါရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို မည်သူတစ်ဦးတစ်ယောက်ကမှ အတင်းအဓမ္မ ပြန်ပို့ခွင့်မရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံနေသည့် ရိုဟင်ဂျာများသည် မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်ရန် လိုအပ်နေသူများ၊ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဒဏ်ရာရသူများနှင့် ရက်စက်ကြမ်းကြုတ်သည့် လိင်အကြမ်းဖက်မှု ခံရသူများ ဖြစ်ကြသည်။ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မေ့ပျောက်၍ ရမည် မဟုတ်ပေ။ ၎င်းတို့ အားလုံးသည် မိမိတို့၏ ဌာနေဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်သွားပြီးနောက် နောက်ထပ်တစ်ကြိမ်မက ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများနှင့် ကြုံတွေ့ရမည်ကို အလွန်စိုးရိမ်လျက် ရှိနေကြသည်။

၁၉၇၈ ခုနှစ်မှ စ၍ လေးကြိမ်မြောက် အစုလိုက်အပြုံလိုက် သွားရောက်ခိုလှုံရခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု ပညာရှင်များ၊ ကျွမ်းကျင်သူများက ပြောဆိုလာသည့် အခြေအနေ ဖြစ်လာခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ရိုဟင်ဂျာများအား သတ်ကွင်းဟု နိုင်ငံတကာက ခေါ်ဆိုလာသည်။ ဤနေရာသို့ ပြန်သွားရန် အာမခံချက်များ လိုအပ်နေသည်ကို ရက်စက်ကြမ်းကြုတ်မှု ပေါင်းစုံ ခံစားခဲ့ရသည့် ရိုဟင်ဂျာများက သိရှိနားလည် သဘောပေါက်ကြသည်။

ထို့ကြောင့် လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာ နှစ်သောင်းကျော် လက်မှတ်ရေးထိုး၍ ၎င်းတို့အား လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မှသာ ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်ထံ စာရေးသား၍ တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုချက်စာတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ မတိုင်မီ မြန်မာအာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှု မျိုးစုံကြောင့် ထွက်ပြေးခဲ့ရသူများ၊ ၁၉၉၁-၉၂ ခုနှစ် လူမျိုးစုအလိုက် ရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျန်ရစ်နေသူများကိုပါ ပြန်ခွင့်ရရေး အတွက် လုပ်ဆောင်ရန် ရေးသားခဲ့သည်။

တောင်းဆိုချက်များတွင် --

- ၎င်းတို့အား ပြန်မပို့မီ စစ်တွေမြို့တွင် ၅ နှစ်ခွဲကျော် ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခံထားရသူများကို နဂိုမူလနေရပ်တွင် ပြန်လည် နေထိုင်ခွင့်ပြုရန်

- ၎င်းတို့အား ပြန်မပို့မီ စစ်တွေမြို့တွင် ဒုက္ခသည်ဘ၀သို့ ရောက်သွားသူများကို ရိုဟင်ဂျာ လူမျိုးအမည်ပါ နိုင်ငံသားကဒ်ပြားများ ထုတ်ပေးရန်

- ၎င်းတို့အား မပို့ဆောင်မီ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ ထားရှိပေးရန်

- ကုလသမဂ္ဂ ကြီးကြပ်သည့် “လုံခြုံသည့် နယ်မြေ” သတ်မှတ်ပေးရန်

- နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ပြောင်းလဲ၍ ကုလသမဂ္ဂ၊ အိုအိုင်စီ၊ ဥရောပသမဂ္ဂ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးရန်

- ၎င်းတို့အား ပြန်ပို့ပြီးနောက် ရာဇ၀တ်မှုတစ်စုံတစ်ရာနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခြင်း မပြုရန်

- ၎င်းတို့ ဆုံးရှုံးသွားသည်များကို မြန်မာအစိုးရက လျော်ကြေးပေးရန်

- နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေးပြီး၊ မည်သူတစ်ဦးတစ်ယောက်၏ လွတ်လပ်စွာ သွားလာခွင့်၊ လုပ်ကိုင်စားသောက်ခွင့်ကို တားမြစ်ခြင်း မပြုရန်

- မည်သူမဆို မြန်မာပြည်ဖွားဟု သက်သေပြနိုင်လျှင် လက်ခံရန်

- မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများ၏ လယ်မြေများ၊ မြေယာများ သိမ်းဆည်းခြင်းကို ရပ်တန့်ရန်နှင့် ယခင်က သိမ်းဆည်းထားသည်များ အတွက် လျော်ကြေးပေးရန်

- မိမိတို့၏ နဂိုမူလ နေရပ် ကျေးရွာများတွင် နေထိုင်ခွင့်ပြုရန် -- စသည်တို့ ပါဝင်သည်။

မြန်မာအစိုးရက ပြန်လာမည့်သူများကို ရိုဟင်ဂျာများက ၂၀၁၅ ခုနှစ်မှစ၍ လုံးဝမယူနိုင်ဟု ငြင်းဆန်ထားသည့် NVC များ ထုတ်ပေး၍ ယာယီအမည်ခံ အကျဉ်းစခန်းများတွင် ထားရှိရန် စီစဉ်ထားသည်ကို တွေ့ရှိရသည်။

မြန်မာအစိုးရ စီစဉ်ထားသည်နှင့် ရိုဟင်ဂျာများ တောင်းဆိုနေသည်များမှာ မိုးနှင့်မြေလိုကွာခြားနေသည်။ ရိုဟင်ဂျာများသည်လည်း အာမခံချက် တစ်စုံတစ်ရာ မရရှိဘဲ ပြန်လာမည် မဟုတ်သည်မှာ သေချာသည်။ မြန်မာအစိုးရနှင့် စစ်တပ်ကလည်း အမှန်တကယ် ပြန်ခေါ်ချင်စိတ် မရှိသောကြောင့် ရိုဟင်ဂျာများအား NVC ပေး၍ အကျဉ်းစခန်းများတွင် ထားရှိရန် စီစဉ်နေခြင်း ဖြစ်ပေသည်။

ရိုဟင်ဂျာများနှင့် မြန်မာအစိုးရတို့ အားပြိုင်မည့် အခြေအနေတစ်ခု လာမည့် နှစ်ရက်တွင် စတင်တော့မည် ဖြစ်ပြီး၊ နိုင်ငံတကာနှင့် ကုလသမဂ္ဂတို့က အာမခံချက် မရှိသည့်နေရာသို့ မပြန်ရန် တိုက်တွန်းနေသည့် အတွက် နိုင်ငံတကာ၏ ဖိအားများ ရောက်လာနိုင်ဖွယ် ရှိသောကြောင့် ရိုဟင်ဂျာများအနေဖြင့် မိမိတို့၏ တောင်းဆိုချက်များ မပြည့်ဝမချင်း မပြန်ကြလိုကြောင်းသိရပါသည်။ 

Share on Facebook
Share on Twitter
Please reload

Please reload

Please reload